Friday, June 2, 2017

Coal is Dirty. Period.


မြန်မာပြည်မှာ ကျောက်မီးသွေးကောင်းကြောင်းပြောနေတဲ့ ၀န်ကြီးချုပ်(၂)ယောက်ရှိနေပြီ။ အမေရိကမှာလည်း သမ္မတ Trump ရဲ့ ကျောက်မီးသွေး တစခန်းပြန်ထမှုကြောင့် တကမ္ဘာလုံး ပွက်လောရိုက်ကုန်ပြီ။
ဘာတွေဖြစ်ကုန်ကြပြီလည်း။

Coal is Dirty. Period. ကျောက်မီးသွေးဟာ ကာဗွန်အများဆုံးပါတယ်။ မီးရှို့ရင် ကာဗွန်ဒိုင်အောက်ဆိုဒ်ဓါတ်ငွေ့အများကြီးထွက်တယ်။ ကာဗွန်ဒိုင်အောက်ဆိုဒ်ဓါတ်ငွေ့ဟာ ဖန်လုံအိမ်ဓါတ်ငွေ့ဖြစ်တယ်။ ဖန်လုံအိမ်ဓါတ်ငွေ့တွေတိုးလာလို့ ကမ္ဘာကြီး ပူနွေးလာတယ်၊ ကမ္ဘာကြီးပူနွေးလာလို့ ရာသီဥတုတွေ ဖောက်ပြန်လာတယ်။ ရာသီဥတုတွေ ဖေါက်ပြန်လာလို့ သဘာဝဘေးတွေ ပိုများလာတယ်။ သဘာဝဘေးတွေပိုများလာလို့ ပျက်စီးဆုံးရှုံးမှုတွေ ပိုများလာပြီး ကမ္ဘာကြီးဟာ ပိုဆင်းရဲတွင်းနက်လာတယ်။ ခက်တာက ဆင်းရဲတဲ့သူကပိုဆင်းရဲလာကြတာ (Poor becomes poorer) ပဲ။

ရာသီဥတုသိပ္ပံပညာရှင်တွေကတော့ ကျောက်မီးသွေးတွေအများကြီးစသုံးလာခဲ့တဲ့ စက်မှုတော်လှန်ရေး မစတင်မီ ၁၈၅၀ ခုနှစ်မတိုင်မီက carbondioxide concentration ဟာ နှစ်သန်းပေါင်း(၃၀၀၀)ကျော် သမိုင်းတလျှောက် 280 ppmv အတိုင်းတသမတ်တည်း တည်တည်ငြိမ်ငြိမ်ရှိနေခဲ့ရာက ၂၀၁၂ မှာ 400 ppmv ကို သမိုင်းမှာ ပထမဆုံးကျော်လွန်လာခဲ့တာကို တွေ့လာရတယ်။

တိုးတက်လာတဲ့ သိပ္ပံပညာတွေအရ အခုအချိန်မှာ ကမ္ဘာ့အပူချိန်ရော၊ ကာဗွန်ဒိုင်ေအာက်ဆိုဒ်ဓါတ်ငွေ့ပါဝင်မှုရော နောက်နှစ်(၁)သန်းကျော်အထိ ပြန်ကြည့်နိုင်တဲ့ Palaeo Data တွေပေါ်လာတော့ အဖြေကရှင်းသွားတယ်။
ကမ္ဘာ့သမိုင်းတလျှောက်မှာ ကာဗွန်ဒိုင်အောက်ဆိုဒ်တိုးရင် ကမ္ဘာ့အပူချိန်တိုးတယ်။ ကာဗွန်ဒိုင်အောက်ဆိုဒ်လျော့ရင် ကမ္ဘာ့အပူချိန်လျော့တယ်။ သိပ္ပံပညာရှင်တွေတွေ့ရှိချက်ကတော့ ကမ္ဘာကြီးပူနွေးလာရတဲ့တရားခံဟာ  ကာဗွန်ဒိုင်အောက်ဆိုဒ်ဓါတ်ငွေ့တိုးလို့ပဲ၊ ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့တိုးရတာဟာ အဓိကတရားခံကတော့ ကျောက်မီးသွေးပါပဲ။

အော်ပီကျယ်ကတော့ မစင်ကို ရေမွှေးဖျန်းလို့ မစင်ရဲ့ဘ၀ဟာ ပြောင်းမသွားနိုင်ပါဘူးတဲ့။ အတွင်းကို နှိုက်မိတာနဲ့ မူလအနံ့က တထောင်းထောင်းပါပဲတဲ့။ ခက်တာက မစင်အနံ့က မခံနိုင်တဲ့ အနံ့အသက်လောက်သာဖြစ်စေပေမယ့် ကျောက်မီးသွေးကထွက်လာတဲ့အနံ့ကတော့
လူတွေကို မျိုးတုန်းစေနိုင်ပါတယ်။

ဒေါက်တာထွန်းလွင်
------------------------------------------------------------------------------
Nyi Thway
15 mins · Ye ·
Clean Coal or Cleaner Coal?

Coal ဆိုတဲ့ကျောက်မီးသွေးဆိုတာ တွင်းထွက်ပစ္စည်းတမျိုးပါ။ သိပါတယ်နော်။ သဘာဝအတိုင်းဖြစ်နေတာ။ ကာဘွန်ကြွယ်ဝတဲ့ သစ်ပင်တွေလို အရာတွေ ပြိုလဲပြီး မြေကြီးအောက်ရောက်၊ ဖိအားများစွာနဲ့ နှစ်သန်းပေါင်းများစွာကြာတဲ့အခါ ကျောက်မီးသွေးအဖြစ်ပြောင်းလဲသွားတာ။ မြေကြီးထဲမှာက ဓာတ်သတ္တုမျိုးစုံ၊ ဓာတ်ပစ္စည်းမျိုးစုံ၊ ဓာတ်ဆားမျိုးစုံ သဘာဝအတိုင်းရှိနေကြတာ။ ဒီပစ္စည်းတွေဟာ မြေကြီးအောက်မှာဖြစ်နေတဲ့ကျောက်မီးသွေးမှာ သဘာဝအတိုင်းရောစပ်နေမှာ ရှင်းပါတယ်နော်။ ကာဘွန်စစ်စစ်ဖြစ်တည်နေတာမဟုတ်ဘူး။ စက်ရုံကထုတ်လိုက်သလို သန့်ပြီးထွက်လာတာမဟုတ်ဘူး။ အဓိကပစ္စည်းဖြစ်တဲ့ကာဘွန်အပြင် ဓာတ်ဆားအနေနဲ့ ဆာလဖိတ်ဆား၊ နိုက်ထရိတ်ဆားတွေအဓိကပါတယ်။ ဓာတ်သတ္တုအနေနဲ့ Heavy Metals သတ္တုအလေးစားတွေဖြစ်တဲ့ ပြဒါးတို့၊ ခဲတို့၊ ကဒ်မီယံတို့ပါတယ်။ အခြားပစ္စည်းမျိုးစုံပါသေးတယ်။ ဒီပစ္စည်းအရောတွေအနည်းအများအလိုက် အတန်းအစားခွဲထားတာပဲရှိတယ်။ ဘယ်အတန်းအစားမှာမှ ကာဘွန်သက်သက်ပါတဲ့ ကျောက်မီးသွေးဆိုတာ မရှိဘူး။ ဒါကြောင့် သဘာဝအတိုင်းထွက်လာတဲ့ ကျောက်မီးသွေးဟာမသန့်ဘူး။ clean မ ဖြစ်ဘူး။

ကျောက်မီးသွေးကို သုံးရင် မီးရှို့ရမယ်။ မီးရှို့ရင် အဓိကလောင်စေမယ့်အရာက ကာဘွန်ပဲ။ သူကလောင်အားကောင်းတယ်။ ဒီတော့မှ အပူစွမ်းအင်ရမယ်။ အပူစွမ်းအင်နဲ့ ရေကိုဆူစေပြီး ရေနွေးငွေ့ဖြစ်စေတယ်။ ရေနွေးငွေ့မှ ရေမော်လီကျူးတွေက ရွေ့လျားတော့ အရွေ့စွမ်းအင်ရမယ်။ အရွေ့စွမ်းအင်ကိုသုံးပြီး တာဘိုင်ကိုလှည့်လို့ရတယ်။ တာဘိုင်လည်တော့ ဂျင်နရေတာလည်ရင် လျှပ်စစ်စွမ်းအင်အဖြစ်ပြောင်းမယ်။ ဒါပဲ။ ဒါပေမယ့် ကျောက်မီးသွေးမှာက အခြားမလိုလားအပ်တဲ့အညစ်အကြေးတွေပါနေတယ်။ ခုနကပြောတဲ့ ပစ္စည်းတွေပဲ။ ပြဒါးတို့ခဲတို့ကဘာလို့ညစ်ညမ်းသလဲ။ သူ့လည်းသုံးလို့ရတာပဲ။ ဟုတ်တယ်။ နေရာမှန်မဟုတ်လို့ ညစ်ညမ်းပစ္စည်းဖြစ်နေတာ။ ဆံပင်ကခေါင်းပေါ်မှာတော့ ကေသာဘာညာဆိုပြီး အထွတ်အမြတ်ထားချင်ထားမယ်။ ထမင်းနဲ့အတူ ရောပါလာရင်တော့ ရွံကြတာပဲလေ။ ကျောက်မီးသွေးကိုမီးရှို့ရင် သူတို့လဲ လိုက်လောင်ကျွမ်းတာပဲ။ ဆာလဖာပါတဲ့ ဓာတ်ပစ္စည်းကလောင်ရင် ဆာလဖာဒိုင်အောက်ဆိုဒ်ဖြစ်မယ်။ အက်ဆစ်ဓာတ်ငွေ့ပဲ။ လေထဲရောက်ပြီးမိုးရေနဲ့တွေ့ရင် မိုးရေထဲပျော်ဝင်ပြီး ဆာလဖျူရပ်အက်ဆစ်ဖြစ်ပြီး အက်ဆစ်မိုးအဖြစ်ရွာချမယ်။ ဒီလိုပဲ နိုက်ထရိတ်ဆားတွေလောင်ရင် နိုက်ထရိုဂျင်ရဲ့အောက်ဆိုဒ်ဓာတ်ငွေ့တွေထွက်မယ်။ အက်ဆစ်ဓာတ်ငွေ့ပဲ။ ပတ်ဝန်းကျင်ကိုထိခိုက်စေမှာချည့်ပဲ။ ဟဲဗီးမက်တယ်တွေဖြစ်တဲ့ ပြဒါးတို့၊ ခဲတို့၊ ကဒ်မီယံတို့လည်း လောင်ကျွမ်းမယ်။ သူတို့လည်း ကင်ဆာဖြစ်စေတဲ့ ကျန်းမာရေးကိုထိခိုက်စေမယ့် ပစ္စည်းတွေချည့်ပဲ။ ကျောက်မီးသွေးမှာ အဓိကအများဆုံးပါတဲ့ ကာဘွန်လောင်တော့ ကာဘွန်ဒိုင်အောက်ဆိုဒ်ထွက်တယ်။ ကမ္ဘာကြီးကို ဖန်လုံအိမ်သဘောဖြစ်စေတဲ့ဓာတ်ငွေ့ပေါ့။ ကမ္ဘာကြီးရဲ့ရာသီဥတုကမောက်ကမဖြစ်စဉ်တွေဖြစ်နေတာ သူကအဓိကတရားခံ။ ကျောက်မီးသွေးကို မီးရှို့လာတာ ခုမှမဟုတ်ဘူး။ စက်မှုတော်လှန်ရေးခေတ်ကတည်းက။ ၁၇ ရာစုအလယ်၊ ၁၈ ရာစုအစလောက်ကတည်းက။ ကျောက်မီးသွေးကို သံရေကြိုဘို့ မီးရှို့လာခဲ့တာ။ လျှပ်စစ်ထုတ်ဘို့မဟုတ်သေးဘူး။ သူ့ကြောင့်ပဲ သံရေကြိုနိုင်လို့ စက်ပစ္စည်းတွေထွန်းကားလာတော့ ဒီလိုတိုးတက်လာကြတာ။ ကျေးဇူးတော့ရှိတယ်။

အဲဒီအချိန်ကစလို့ ကမ္ဘာ့လေထုထဲကို ကာဘွန်ဒိုင်အောက်ဆိုဒ်တွေ သဘာဝထက်လွန်ကဲစွာနဲ့ လူ့ပယောဂကြောင့် ပိုမိုများပြားစွာဝင်ရောက်လာခဲ့တာ။ အဲဒီခေတ်ကတည်းက ကမ္ဘာကြီးရဲ့အပူချိန်ဟာ တဖြည်းဖြည်းတိုးလာတာ။အဲဒီအချိန်မတိုင်ခင်ကတော့ ကာဘွန်ဒိုင်အောက်ဆိုဒ်မထုတ်ဘူးလား။ ထုတ်ကြတယ်။ သတ္တဝါတွေအသက်ရှုတော့ အောက်ဆီဂျင်ကိုရှုသွင်းတယ်။ ပြန်ထုတ်တော့ ကာဘွန်ဒိုင်အောက်ဆိုဒ်ထုတ်တယ်။ သက်ရှိတွေသေကြေပျက်ယွင်းတဲ့အခါလည်း ကာဘွန်ဒိုင်အောက်ဆိုဒ်ထွက်တာပဲ။ အဲသည်အချိန် အဲသည်ခေတ်က ထွက်သမျှကာဘွန်ဒိုင်အောက်ဆိုဒ်တွေကို ပြန်ရှူရှိုက်ပေးပြီး လူတွေသတ္တဝါတွေလိုအပ်တဲ့ အောက်ဆီဂျင်ပြန်ထုတ်ပေးမယ့် သစ်ပင်တွေအလုံအလောက်ရှိနေတယ်။ အထုတ်နဲ့ အသုံးဟာမျှနေတယ်။ အဲသည်အချိန်တုန်းက ရာသီဥတုကလည်း သဘာဝအတိုင်းဖြစ်တဲ့ ရာသီဥတုပေါ့။ လူ့ပယောဂပါတဲ့ရာသီဥတုမဟုတ်သေးဘူး။ အဲသည်အချိန်ကတည်းက ကာဘွန်ဒိုင်အောက်ဆိုဒ်ထုတ်များတဲ့ ကျောက်မီးသွေးကို ကမ္ဘာ့နိုင်ငံအသီးသီးက ရှို့လာလိုက်တာ ခုချိန်အထိပါပဲ။ သူ့ကြောင့် ကမ္ဘာကြီးပိုပူလာကာ (Global warming) ရာသီဥတုကမောက်ကမဖြစ်တာ(Climate Change) သိတဲ့အချိန်မတော့ လက်လွန်နေပြီ။ ဒီတော့ ဒီ့ထက်ပိုမဆိုးရအောင်၊(လျော့သွားအောင်မဟုတ်သေးဘူးနော်) ကျောက်မီးသွေးအပါအဝင် ရုပ်ကြွင်းလောင်စာတွေရဲ့ အသုံးကိုကန့်သတ်ကာ ကာဘွန်ဒိုင်အောက်ဆိုဒ်အထုတ်ကိုလျှော့ချဘို့ ကမ္ဘာ့နိုင်ငံတွေကကျိုးစားလာကြတယ်။ ပဲရစ်သဘောတူညီချက်တွေ လက်မှတ်ထိုးကြတယ်။ COP 21 ကို ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်က ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာကျင်းပခဲ့ကြတယ်လေ။ (The 2015 United Nations Climate Change Conference, COP 21 or CMP 21) COP 21 မှာ ကမ္ဘာ့အပူချိန်ကို စက်မှုတော်လှန်ရေးမတိုင်ခင်ကထက် ၂°C အောက်မှာသာ ထိန်းထားရန့် သဘောတူလက်မှတ်ထိုးဘို့တိုင်ပင်ဆွေးနွေးကြတယ်။ ခုချိန်မှာတောင် တော်တော်ပူနေပြီမဟုတ်လား။ ဝင်ရိုးစွန်းကရေခဲတွေ တအားပျော်နေပြီမဟုတ်လား။ ဆိုင်ကလုန်းတွေက အဖြစ်များပြီး ပိုအားကောင်းလာနေပြီမဟုတ်လား။ ဆိုတော့ ပဲရစ်မှာ နိုင်ငံအသီးသီးက ဘယ်နှနှစ်မှာဖြင့် ကာဘွန်ဒိုင်အောက်ဆိုဒ် ဘယ်မျှရာနှုန်းလျှော့ထုတ်ပါ့မယ်ဆိုတဲ့ ကတိပေးလက်မှတ်ထိုးကြတယ်။

အဲသည်လိုနဲ့ ကျောက်မီးသွေးက ဇာတ်လိုက်ဖြစ်နေရာက တဖြေးဖြေးနဲ့ ဗီလိန်ဖြစ်လာတယ်။ ဇာတ်လိုက်ဖြစ်တဲ့အချိန်တုန်းက တူးဖေါ်ထုတ်ထားတဲ့ ကျောက်မီးသွေးတွေကအများကြီးရှိနေတယ်။ တူးဖော်ပြီးသားတွေရော မတူးရသေးတဲ့ပိုင်းတွေပိုင်တဲ့တိုင်းပြည်ကြီးတွေရှိတယ်။ သူတို့ရဲ့ ကျောက်မီးသွေးတွေ မရောင်းရဖြစ်တော့မယ်။ ဒီတော့ ရောင်းရအောင်နည်းမျိုးစုံနဲ့ကျိုးစားကြတာပါပဲ။ စုံသမှ အတော်စုံတာ။ ကျောက်မီးသွေးသုံးဓာတ်အားပေးစက်ရုံတည်ဘို့ စည်းရုံးတဲ့နည်းလည်းပါတာပေါ့။ စက်ရုံတရုံတည်ဖြစ်ရင် ရောင်းရမှာက တနှစ် တနှစ်ကို တန်ချိန်သန်းချီမှာမဟုတ်လား။ ဒီတော့ လော်ဘီလုပ်ကြတာပေါ့။ အကျိုးအမြတ်လည်းများတော့ လော်ဘီလုပ်ရာမှာလည်း အတော်အကုန်အကျခံကြတယ်။ ကမ္ဘာလုံးအနေနဲ့ ကြည့်ရင် ဒေါ်လာကို ဘီလီယံနဲ့တဲ့။ ဒါကတနည်းပေါ့။ နောက်တနည်းက ကျောက်မီးသွေးကိုမီးရှို့ရာမှာ ထွက်လာတဲ့အညစ်အကြေးတွေကို လူတွေလက်ခံနိုင်တဲ့အဆင့်ခန့် လျော့အောင်လုပ်တဲ့နည်းကို ရှာဖွေကြံဆဘို့ပဲ။ လုံးဝမထွက်အောင်မဟုတ်ဘူးနော်။ ဒီလောက်တော့ လူပဲလေ လုပ်လို့ကြံလို့ရတာပေါ့။ ဆာလဖာတို့၊ နိုက်ထရိုဂျင်တို့၊ PM 2.5 (2.5 မိုက္ခရွန်အောက်အမှုန်)ဆိုတဲ့ ပြာမှုန်တို့ကို လျော့အောင်လုပ်တဲ့နည်းတွေရလာတယ်။ အခြားပစ္စည်းကိုတော့ ရကောင်းရမယ်။ ကာဘွန်ဒိုင်အောက်ဆိုဒ်ကိုတော့ လျှော့ချလို့မရဘူး။ သူ့ကျတော့ ထွက်လာတာကို ဖမ်းပြီးသိုလှောင်ထားမယ့်နည်းကိုရှာရတယ်။ Carbon Capture and Store(CCS)တဲ့။ အမေရိကန်မှာ ကာဘွန်ဒိုင်အောက်ဆိုဒ်ဖမ်းနိုင်တဲ့ ပါဝါစတေရှင်တခုဆောက်ထားတယ်။ သူတို့က ထွက်လာတဲ့ CO2 ကို ပိုက်လိုင်းတွေနဲ့ မိုင် ၈၀ ခန့်ဝေးတဲ့ ရေနံတွင်းဟောင်းတွေထဲ လှောင်တဲ့နည်းကိုသုံးတယ်။ တနှစ်ကို CO2 က တန်ချိန် သန်းနဲ့ထွက်တယ်ဆိုတော့ အကန့်အသတ်တော့ရှိမှာပါ။ ဒီနည်းက စရိတ်ပိုကြီးတယ်။ သူတို့လို နိုင်ငံတွေသာတတ်နိုင်မှာ။ သူတို့တောင် သမားဂုဏ်ပြသာ လုပ်ပြနိုင်မှာ။ CO2 ကို မဖမ်းပဲလွှတ်ထုတ်ပြီး ကျန်တဲ့ဓာတ်ငွေ့တွေကိုသာ လျော့အောင်လုပ်တဲ့နည်းတောင် အတော်အကုန်အကျများတာ။ ဖယ်ရှားရာမှာသုံးရတဲ့ ဈေးကြီးတဲ့ဓာတ်ကူပစ္စည်းတွေသုံးရမယ်။ အမှုန်တွေဖမ်းဘို့ နည်းပညာမြင့်ပြီး ဈေးကြီးတဲ့ပစ္စည်းတွေတပ်ဆင်ရမယ်။ ဒါတွေလည်ပတ်ဘို့ စက်ရုံကထွက်တဲ့ လျှပ်စစ်ရဲ့ ၄ ပုံ ၁ ပုံခန့်ကိုပြန်သုံးရမယ်။ ဒီတော့ ထွက်သမျှ လျှပ်စစ်ကို အပြည့်အဝသုံးလို့မရဘူး။ ဈေးကြီးတဲ့နည်းနဲ့ မပြည့်ဝတဲ့လျှပ်စစ်နဲ့ ဆတွက်လိုက်ရင် လျှပ်စစ်ဓာတ်အားခက သာမန် conventional coal စက်ရုံထက်အများကြီးပိုသွားပြီ။ ၁ မဂ္ဂါဝပ် နာရီကို ဒေါ်လာ ၁၀၀ ခန့်ကျမယ်တဲ့။ ခုဒေါ်လာဈေးနဲ့တွက်ရင် ၁ ယူနစ်ကို ၁၃၅ ကျပ်ခန့်ကျမယ်။ ဒါက အရင်းဈေး။ AI group လို့ခေါ်တဲ့ Australian Industry Group ကတွက်ထားတာကိုပြောပြတာပါ။ (AI Group's research shows that the price could easily rise to $100 per megawatt hour as the increase in renewables means that coal plants cannot run at full capacity and charge accordingly.)

ဒါက ပုံသေတွက်လို့ရတဲ့ ထုတ်လုပ်စားရိတ်ပဲ။ အကျိုးဆက်တွေကြောင့် ဆုံးရှုံးနစ်နာမှုတွေကိုထည့်တွက်ကြည့်ဦးမယ်။ နည်းပညာကောင်းမှုကြောင့် ပတ်ဝန်းကျင်ညစ်ညမ်းစေမယ့် ဂေဟစနစ်တွေပျက်စေမယ့် အဆိပ်ဓာတ်ငွေ့တွေဖြစ်တဲ့ ဆာဖာဒိုင်အောက်ဆိုဒ်တို့၊ နိုက်ထရိုဂျင်အောက်ဆိုဒ်တို့ အထွက်ကိုလျှော့ချလိုက်နိုင်ပြီ၊ (အကုန်အစင်မဟုတ်ဘူးနော်) ဟဲဗီးမက်တယ်တွေကိုလည်း လူတွေကျန်းမာရေးမထိခိုက်လောက်တဲ့အဆင့်အထိ လျှော့ချနိုင်ပြီ၊ PM2.5 ကိုလည်း စစ်ထားနိုင်ပြီထား။ ကမ္ဘာကြီးပူလာစေပြီး ရာသီဥတုကမောက်ကမဖြစ်မယ့် CO2 ကြောင့် စိုက်ပျိုးထားတဲ့ သီးနှံတွေပျက်စီး၊ မအောင်မြင်ဖြစ်၊ သာမန်ထက်အားပြင်းတဲ့သဘာဝဘေးအန္တရာယ်တွေကြောင့် အိုးအိမ်ပျက်စီး ရောဂါဖိစီးပြီး လူတွေဒုက္ခရောက်ကြတဲ့ တန်ဘိုးတွေထည့်တွက်လိုက်ရင် ကျောက်မီးသွေးရဲ့ မှန်တကယ်တန်ဘိုးက အတော်ကြီးသွားမယ်။ အချို့က ဆိုတယ် ဖွံ့ဖြိုးဆဲနိုင်ငံတွေကို ဆင်းရဲတွင်းကဆွဲထုတ်ဘို့ကျောက်မီးသွေးကိုသုံးရမယ်တဲ့။ ဖွံ့ဖြိုးဆဲနိုင်ငံတွေက စက်မှုလုပ်ငန်းထက် စိုက်ပျိုးရေးကို အဓိကထားနေကြတာဖြစ်တယ်။ ကျောက်မီးသွေးကြောင့် ရာသီဥတုကမောက်ကမဖြစ်ရင် စိုက်ပျိုးရေးပျက်ပြီပဲ။ ဒီတော့ ဆင်းရဲတွင်းကတက်နိုင်ပါဦးမလား။ "More Coal Equals More Poverty" ဆိုတဲ့ report တခု Oxfam ထုတ်ထားတာရှိတယ်။ " ကျောက်မီးသွေးပိုထုတ်လေလေ ဆင်းရဲတွင်းနက်လေလေ " တဲ့။ Oxfam က ကမ္ဘာလုံးဆိုင်ရာ ဆင်းရဲမှုလျှော့ချရေးကို အကူအညီပေးနေတဲ့အဖွဲ့ပဲ။ အောက်စ်ဖို့မှာ အခြေစိုက်တယ်။

ဒီလိုအကြောင်းကြောင်းသော အကြောင်းကြောင်းကြောင့် Clean coal ဖြစ်နိုင်ဦးမလား။ အန္တရာယ်ရှိဓာတ်ပစ္စည်းတွေ အမှုန်တွေကို သာမန်စက်ရုံထက်လျှော့ချနိုင်လို့ သာမန်ထက်ပိုသန့်လာတဲ့ကျောက်မီးသွေးစက်ရုံ Cleaner Coal လို့သာ ပြောလို့ရပေမယ်။ comparison နှိုင်းယှဉ်ပြီးသာပြောလို့ရမယ်။ positive သဘော clean လို့ပြောလို့မရဘူး။ ဒီတော့ Clean Coal ဆိုတာ လော်ဘီလုပ်ဘို့ လှည့်စားထားတဲ့ စကားလုံးတလုံးသာဖြစ်ပါကြောင်း။

No comments:

Post a Comment